International News

အကြီးဆုံး ဘက်ထရီလျှပ်စစ်ကား (BEV) ထုတ်လုပ်သူထိပ်တန်းနေရာမှ Tesla ဖယ်ပေးရ

Last Updated:

တရုတ်ကုမ္ပဏီ BYD သည် အကြီးဆုံး ဘက်ထရီလျှပ်စစ်ကား (BEV) ထုတ်လုပ်သူနေရာတွင် ထိပ်ဆုံးရောက်ရှိနေသော အမေရိကန်ကုမ္ပဏီ Tesla ကို အလဲထိုးလိုက်ပြီး ၂၀၂၂ ခုနှစ် နှစ်ဝက်အထိ လျှပ်စစ်ကားအစီးရေ ၅၀၆၈၆၈ စီးထိ ထုတ်လုပ်ပြီးဖြစ်ရာ ဈေးကွက်၏ ၁၅.၆ ရာခိုင်နှုန်း ရယူထားနိုင်သည့်အနေအထားဖြစ်ပါသည်။ Telsa က ကားစီးရေ ၄၀၆၈၆၉ စီးသာ ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်တွင် ၁၂.၆ ရာခိုင်နှုန်းသာ ရရှိထားပါ သည်။ အခြားထိပ်တန်းအမှတ်တံဆိပ်များမှာ SAIC (၈.၆ ရာခိုင်နှုန်း)၊ Volkswagen (၇.၈ ရာခိုင်နှုန်း) နှင့် Hyundai-Kia (၅.၈ ရာခိုင်နှုန်း) တို့ဖြစ်သည်။

၂၀၂၂ ခုနှစ် မေလတွင် တရုတ်နိုင်ငံ၏ ကပ်ရောဂါဟန့်တားရေးအစီအမံများနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော ထောက်ပံ့ရေးကွင်းဆက်ပြဿနာများကြောင့် Elon Musk ၏ ကုမ္ပဏီသည် ထုတ်လုပ်မှုလျှော့ချရမည့် အခြေအနေများနှင့် ကြုံတွေ့ရပါသည်။ မီဒီယာတွင် ဖော်ပြချက်များအရ Shanghai Gigafactory စက်ရုံသည် တစ်နေ့လျှင် လျှပ်စစ်ကားပုံမှန်အစီးရေ ၁၂၀၀ ထုတ်လုပ်နိုင်ခဲ့ရာမှ ကားတပ်ဆင်ရာတွင် လိုအပ်သော စက်အစိတ်အပိုင်းများ ပြတ်တောက်သွားခဲ့သည့်အတွက် အစီးရေ ၂၀၀ သာ ထုတ်လုပ်နိုင်ပြီး နောက်ပိုင်းတွင် ထုတ်လုပ်မှု လုံးဝရပ်တန့်သွားခဲ့ပါသည်။ နည်းပညာထုတ်ကုန်သုံးသပ်ချက်များ ဖော်ပြလေ့ရှိသော PCMag မဂ္ဂဇင်းတွင် ဖော်ပြချက်အရ BYD ၏ စက်ရုံအများစုသည် ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများ တင်းကြပ်စွာ ချမှတ်ထားခြင်းမရှိသော ဧရိယာများတွင် တည်ရှိခြင်းကြောင့် ထုတ်လုပ်မှုကို ထိခိုက်စေခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

ပေါ့ပါးပြီး စွမ်းအင်သိပ်သည်းမှုမြင့်မားသော လစ်သီယံအိုင်းယွန်းထုတ်လုပ်နိုင်မှုသည် နည်းပညာအောင်မြင်မှုတစ်ခုဖြစ်ပြီး လျှပ်စစ်ကားများရောင်းချရမှုသည်လည်း ကမ္ဘာအနှံ့ မြင့်တက်လာလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လျှပ်စစ်ကားအစီးရေ ၃ သန်းကျော် ရောင်းချခဲ့ရပြီး ၂၀၂၁ ခုနှစ် ကာလတူထုတ်လုပ်နိုင်ခဲ့မှု ၁.၇ သန်းကျော်နှင့်နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် နှစ်တစ်နှစ်၏ နောက်ဆုံးလများတွင် ရောင်းအားကောင်းလေ့ရှိပြီး ယခုနှစ်စျေးကွက်အတွင်း ကားစီးရေ ၇ သန်းကျော် ရောင်းချနိုင်မည်ဟု ခန့်မှန်းထားကြပါသည်။

 

 

 

 

လဲ့လဲ့နှင်း (MYANTRADE)

Source: Energy News Beat

https://energynewsbeat.co/tesla-knocked-out-of-top-place-as-biggest-bev-producer/

Category: International News